Friday, September 28, 2007

သွေးနဲ့ရေးတဲ့ စက်တင်ဘာ ၂၇ ရက်နေ့

ဒီနေ့လည်း တစ်နေ့လုံး ကွန်ပျူတာရှေ့မှာထိုင်၊ တီဗီရှေ့မှာထိုင်ပြီး သတင်းတွေကိုသာ ကြည့်နေမိပြန်တယ်။ တစ်နေ့လုံး ဖြစ်ခဲ့သမျှကို အခုဏ ရှိသမျှ သတင်း Channel တွေကပြသွားတာကို ပြန်ကြည့်မိချိန်မှာတော့ စိတ်ထဲမှာ နာကြည်းစိတ်တွေ၊ ရွံမုန်းစိတ်တွေ တစ်ဖွားဖွားဖြစ်ပေါ်စေခဲ့ပြီး တစ်ချိန်တည်းမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ညည်နက်သန်းခေါင် ဘုန်းတော်ကြီးကျောင်းတွေကို စစ်ကားနဲ့ တိုက်ဝင်၊ သံဃာတွေကိုစော်ကား၊ ပစ္စည်းတွေကို ဖျက်ဆီးလုယူ၊ ပြီးတော့ သံဃာတွေကို ဖမ်းဆီးခဲ့တယ်။ နေ့လည်ကြတော့လည်း လက်နက်မဲ့ ပြည်သူတွေကို တည့်တည့်ချိန်ပြီး ပစ်သတ်ခဲ့တာတွေကို တွေ့မြင်ကြားသိရပြန်တယ်။ ဒီနေ့ စစ်တပ်က သတ်လိုက်တဲ့ သူတွေထဲမှာ ဂျပန်လူမျိုး သတင်းထောက် တစ်ယောက်လည်း ပါခဲ့ပါတယ်။ လက်နက်မဲ့ ပြည်သူတွေကို သတ်လိုက်တာများ မရေမတွက်နိုင်အောင်ပါပဲ။ လမ်းမှာ ဒဏ်ရာနဲ့ လဲကျနေတဲ့သူတွေကို သေသေ ရှင်ရှင် စစ်ကားပေါ်တင်ခေါ်သွားတယ်။ ဒီလူတွေ တစ်ယောက်မှ ဆေးရုံကြီးကို မရောက်လာကြပါဘူးလို့ ဆေးရုံကြီးက ပြောပါတယ်။ အခု လောင်းပါ ဖျောက်ဖျက်တော့မှာပေါ့။ ညက သတင်းမှာ လူ၉ ယောက်သေတယ်လို့ ပြောသွားတယ်။ ၉ ယောက်လား အယောက် ၉၀ လား သူတို့ကိုယ်တိုင်ရော သေသေချာချာ သိရဲ့လား မသိပါဘူး။ လက်ဖြောင့်တပ်သားတွေကို သုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ကြားရတော့ အတော်အံသြမိတယ်။ လောက်လေးဂွလေးတောင် မပါတဲ့ ပြည်သူတွေကို လက်ဖြောင့်တပ်သားတွေနဲ့ အဝေးကနေ ပစ်သတ်တယ်ဆိုတော့ မလွန်လွန်းဘူးလားဗျာ။ မနက်ဖြန် သတင်းစာမှာ ဘယ်လို မိုးလုံးပြည့် မုသာဝါဒတွေနဲ့ ပြည်သူတွေကို လိမ်ညာအုံးမလဲ မသိဘူး။ ရေးရင်းနဲ့ ဒေါသထွက်ရတယ်။ မနေ့ကတော့ သွေးစွန်းတဲ့ လပြည့်နေ့၊ ဒီနေ့တော့ သွေးနဲ့ ရေးတဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ပါ။

ဗိုလ်ချုပ်ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ဆိုတာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ပါ။ ပြည်သူတွေကို သတ်ဖို့မဟုတ်ပါဘူး။

မြန်မာပြည်တွင်းကနေ ဓာတ်ပုံတွေရိုက်၊ ဗီဒီယိုတွေရိုက်ပြီး ကမ္ဘာကသိအောင် ပို့ပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။ အသက်သွေး ပေးဆပ်ခဲ့တဲ့ ရဟန်း၊ လူ၊ ကျောင်သား အာဇာနည်တွေကို လေးစားစွာ ဦးညွှတ် အလေးပြုလိုက်ပါတယ်။ အရေးတော်ပုံ အောင်မြင်ပါစေ။

0 comments: